ထီသိုဝ်သီးလ်ုဖးယှူးမုဂ်ဘှ်ယဝ့် ကျာ်သြီ့ထင်းထဝ့် ဍုဂ်ပါင်လာ.ဆ်ာကိုဝ်ဟှာဍေ လာရောက်လည်ပတ်သောမိတ်ဆွေ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ဦးစွာအင်ကြင်းချစ်သူမှမေတ္တပို့သတ်လျှက်ရှိပါတယ်
ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Tuesday, March 5, 2013

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)


နိဒါန်း
ဗုဒ္ဓဘာသာကို ဒီိမိုကရေစီနည်းကျသည်ဟု ဆိုကြ၏။ ဒီမိုကရေစီကို ယနေ့ခေတ်ကာလ၏ အကောင်းဆုံးသော အခင်းအကျင်းအဖြစ် လက်ခံထားကြ၏။ သို့ဖြစ်၍ ကမ္ဘာ့လူသား၏ စံနှုန်းများကို သတ်မှတ်ဝေဖန်ကြရာတွင် ဒီမိုကရေစီနည်းကျမကျ သုံးသပ်ကြလေ့ရှိ၏။ အချို့ကလည်း မိမိတို့ အဆုံးစွန်တန်ဖိုးထားသော ဘာသာတရားကို ဒီမိုကရေစီဟူသော မရေမရာ ခေတ်ကာလရေပန်းစားသော နိုင်ငံရေးသဘောတရားတစ်ခုမျှသာဖြစ်သော နိုင်ငံရေးစနစ်တစ်ခုနှင့် နှိုင်းယှဉ်အကဲဖြတ်မှုကို ဘ၀င်မကျချင်ကြ။

ယနေ့ကမ္ဘာတွင် ဗုဒ္ဓဘာသာသည် ဘာသာကြီးလေးခုတွင် ကိုးကွယ်မှုဦးရေအားဖြင့် အောက်ဆုံးရောက်နေ၏။ သို့သော်လည်း ပေါ်ပြူလာဖြစ်ခြင်းနှင့် အနှစ်သာရပြည့်ဝခြင်းတို့မှာ တစ်ထပ်တည်းကျသည်ဟု မဆိုနိုင်။ ပေါ်ပြူလာဖြစ်တိုင်းလည်း အနှစ်သာရပြည့်ဝသောကြောင့်ဟု မဆိုနိုင်သလို အနှစ်သာရပြည့်ဝတိုင်းလည်း ပေါ်ပြူလာဖြစ်မည်ဟု မဆိုနိုင်။ ဤသည်မှာ လောကကြီး၏ နိယာမဟု ဆိုရမလို ရှိ၏။ သို့ဖြစ်၍ ကိုးကွယ်သူဦးရေ အောက်ဆုံးရောက်နေသော ဗုဒ္ဓဘာသာကို အနှစ်သာရနည်းပါးမှုကြောင့်ဟု မဆိုအပ်။

ယနေ့ကမ္ဘာ့ပညာရှင်များ၏ မျက်လုံးထဲကို ကြည့်လိုက်လျှင် ဗုဒ္ဓဘာသာကို လေးလေးနက်နက် စဉ်းစားလာနေကြ၏။ ဗုဒ္ဓဘာသာ၏ အမှီအခိုကင်းမဲ့မှု (ကိုယ့်ကိုကိုယ် အားကိုးရမယ်)သည် ရှေးယခင်က ဘာသာခြားတို့၏ ထိုးနှက်ကဲ့ရဲ့စရာ အားနည်းချက်ကြီးတစ်ခုလို ဖြစ်ခဲ့သော်လည်း ယခုအခါမှာကား လောကလူသားတို့၏ ကိုယ့်အားကိုယ် ကိုးနေရမှုကို မျက်ဝါးထင်ထင် မြင်လာနေပြီ ဖြစ်၏။ ဘ၀၏ မှီခိုရာကင်းမဲ့မှုကို မျက်ဝါးထင်ထင် မြင်လာကြရ၏။ အချို့နိုင်ငံများတွင် အသက်အရွယ်ကြီးရင့်လာလျှင် ပို၍ဆိုး၏။ သားသမီးများမှာလည်း တဟုန်ထိုးလှိမ့်ဆင်းနေသော ခေတ်ကာလ ရေးစီးကြောင်းထဲတွင် ၀ရုန်းသုန်းကား လိုက်ပါသွားနေရ၏။ သို့ဖြစ်၍ လူကြီးသူမများမှာ ပို၍ အထီးကျန်လာရ၏။ အမှီအခို ကင်းလာ၏။ ကိုးကွယ်ရာဟူ၍ ရှာမတွေ့။

နှလုံးသားဖြင့် စတင်ခဲ့ပုံရသော ကမ္ဘာ့ကြီးသည် တဖြည်းဖြည်း နှလုံးသားကို နှစ်လပေါင်းများစွာ မေ့လျော့ထားခဲ့ကြ၏။ ရုပ်ဝတ္ထုများနောက် စုံမှိတ်လိုက်ပါခဲ့ကြ၏။ ယခုအခါ မေ့လျော့ခံ နှလုံးသားကို ပြန်လည်ကြည့်မြင်လာတတ်ကြပြီ ဖြစ်၏။ နှလုံးသားတွင် အထီးကျန်ဆန်ခြင်းနှင့် အမှီအခိုမဲ့မှု၊ မလုံခြုံမှုတို့ကို ရိပ်စား(ရိပ်စား)မိလာကြ၏။ အစဉ်ထာဝရ ရိုက်ခတ်လာနေသော ကောင်းမှု၊ မကောင်းမှုတို့က နှလုံးသားမှာ ကြေးမှုံပြင်လို ထင်ရှားနေတာကို တွေ့လိုက်ကြရ၏။ ကံသုံးပါးနဲ့လုပ်ဆောင်လိုက်သမျှသည် နှလုံးသားမှာ ရိုက်ခတ်လာ၏။ ရိုက်ခတ်လာသော နှလုံးခုန်သံနှင့် ကံအသစ်တို့ကို ထပ်လောင်းလုပ်ဆောင်ဖြစ်ကြ၏။ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ။ လောက၏ အဖြစ်အပျက်တို့မှာ ပြုလုပ်ဖန်ဆင်းသူသည် ကိုယ်ကိုယ်တိုင်ကလွဲ၍ အခြားမရှိ။ ငါသာလျှင် ငါ့ဘ၀ရဲ့ ဖန်ဆင်းရှင်ပါလားဟူ၍ ရိပ်စားမိလာကြပြီ။

ဤသို့ဖြင့် ဗုဒ္ဓစာပေကို လေ့လာနေသူများလည်း တစ်နေ့တစ်ခြား တိုးပွားလာနေ၏။ လေ့လာသူတို့အနေဖြင့် သူတို့လေ့လာနိုင်စွမ်းရှိလာလေလေ ဗုဒ္ဓဘာသာ၏ လူသားဆန်မှု၊ ဓမ္မဓိဋ္ဌာန်ကျသော လောကအမြင်တို့ကို တွေ့မြင်သိရှိလာကြလေလေ ဖြစ်နေကြ၏။ ထိုအထဲမှ ယနေ့ခေတ်ကာလ၏ ရေပန်းစားသော နိုင်ငံရေးအမြင်တစ်ခုဖြစ်သော ဒီမိုကရေစီသဘောတရားများကို ဗုဒ္ဓတရားတော်များတွင် အမှတ်မထင်လေ့လာရင်းကနေ အမှတ်ထင်ထင် တွေ့ရှိလိုက်ကြရ၏။ လေ့လာသူတို့ ဘ၀င်အခိုက်စေဆုံး သုတ္တန်က ကာလာမသုတ်ခေါ် ကေသမုတ္တိသုတ္တန်ဖြစ်၏။ ဒီနေရာမှာ မေ့နေသော သုတ္တန်တစ်ခုရှိ၏။ ယင်းမှာ ကူဋဒန္တသုတ်တော်ဖြစ်ပါ၏။ ကူဋဒန္တသုတ်တော်မှာ သေသေချာချာ ဖတ်ရှုလေလေ မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို သဘောအကျကြီး ကျမိလေလေ ဖြစ်ရ၏။

ဗုဒ္ဓမြတ်စွာသည် လူ့လောကအတွင်း ရှောင်လွှဲ၍မရနိုင်သော လူသားထုတစ်ရပ်လုံးအရေးအတွက် လမ်းညွှန်ချက်ပေးထားသည်မှာ လေးစားကြည်ညိုဖွယ်ရာ ဖြစ်ရပါသည်။ ယခု စာရေးသူက ကူဋဒန္တသုတ်တော်ကို ဗဟိုပြုရင်း ဗုဒ္ဓမြတ်စွာ၏ ကြည်ညိုဖွယ်ရာများကို ဖော်ထုတ်တင်ပြသွားပါမည်။

Tuesday, December 18, 2012

ကံများနှင့်စကားပြောခြင်း


အချိန်ကာလကို ပိုင်းခြားသတ်မှတ်ခေါ်ဝေါ်ပြောဆိုဖို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ရယ်လို့ ကာလသုံးပါး သတ်မှတ်ထားကြတယ်။ အတိတ်ပြုမူချက်များက ပစ္စုပ္ပန်ကို မွေးဖွားပေးသလို ပစ္စုပ္ပန်ပြုမူချက်များက အနာဂတ်ကို မွေးဖွားပေးတယ်။ အတိတ်နဲ့ကင်းတဲ့ ပစ္စုပ္ပန်မရှိသလို ပစ္စုပ္ပန်မရှိရင်လဲ အနာဂတ်ဆိုတာ မရှိနိုင်တော့ပါဘူး။ ကာလသုံးပါးဟာ အချင်းချင်း ဆက်စပ်မှီခိုနေရပါတယ်။

လောကမှာ တစ်ချို့က `ပစ္စုပ္ပန်ဆိုတာ အတိတ်က ပြုမူလုပ်ဆောင်ချက်များရဲ့ အသီးအပွင့်ဖြစ်တယ်´လို့ တရားသေမှတ်ယူထားတတ်ကြတယ်။ ပစ္စုပ္ပန်အခြေအနေမှာ ဘာပဲဖြစ်ဖြစ် အတိတ်ကိုသာ လွှဲဖယ်ပုံချတတ်ကြတယ်။ ဒါဟာ ပစ္စုပ္ပန်လုပ်ဆောင်ချက်များက အနာဂတ်ကိုပုံဖော်တယ်ဆိုတဲ့သဘောတရားကို မျက်ကွယ်ပြုလိုက်တာပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာအလိုအရ ကာလသုံးပါးနဲ့ သူတို့ရဲ့ဖြစ်စဉ်ဟာ အကြောင်းအကျိုးခွဲခြားလို့ မရဘူး။ အများအားဖြင့် မြန်မာလူမျိုးမှာ ဖြစ်နေတာက ပစ္စုပ္ပန်အဆင်မပြေမှုကျတော့ အတိတ်ကံ မကောင်းလို့ဟု ယူဆကြပြီး ပစ္စုပ္ပန်ကောင်းရင် အနာဂတ်ကောင်းနိုင်တယ်ဆိုတဲ့သဘောတရားကို ရေငုံနှုတ်ပိတ်နေကြတယ်။ `ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ၊ အတိတ်က မကောင်းခဲ့လို့ ဒို့ဒီလို ဖြစ်နေရတာ´၊ အဲဒီလို တရားသေ ယူဆနေသ၍တော့ ဗုဒ္ဓဘာသာလို့ အမည်ခံထားပေမယ့် ဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ပုဗ္ဗေကတဟေတုဒိဋ္ဌိဆိုတဲ့ ဖြစ်သမျှအကြောင်း ရှေးကံအဟောင်းချည်းပဲလို့ ဆိုတဲ့ မိစ္ဆာဒိဋ္ဌိစာရင်း ၀င်သွားပါပြီ။ ဖြစ်သမျှအကြောင်း အကောင်း၊ အဆိုးအားလုံးကို အတိတ်ကို ပုံချလိုက်တဲ့သဘောပါ။

ဗုဒ္ဓဘာသာမှာ အဓိက ပြောပြောနေတတ်တဲ့ `သဗ္ဗေ သတ္တာ ကမ္မဿကာ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ - သတ္တ၀ါတွေဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်၊ သတ္တ၀ါတွေကို ကံက ဝေဖန်ပိုင်းခြားပေးတယ်´ဆိုတဲ့စကားထဲက `ကံ´ဆိုတဲ့စကားကို နားမလည်ကြလို့ပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ `လှံထမ်းလာတာပဲ မြင်ရတယ်၊ ကံထမ်းလာတာ မမြင်ရ´စသော စကားများဖြင့်လဲ ကံကို အဓိပ္ပာယ်အကောက်အယူ မှားနေကြပါတယ်။ `ကံ´ဆိုတာ မမြင်ရတဲ့၊ မိမိတို့လက်လှမ်းမမီနိုင်တဲ့ မိမိတို့ဘ၀ အကောင်းအဆိုးကို ပြုပြင်ဖန်တီးပေးနေတဲ့ ဖန်ဆင်းရှင်ဘုရားတစ်ဆူလိုဖြစ်တယ်ဆိုတဲ့အမြင်အထိ လွဲမှားယူဆနေမိကြတယ်။ ဒီလိုသာ ယူဆမိရင် ဖန်ဆင်းရှင်က အရာရာကို ဖန်တီးပေးတယ်ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒနဲ့ ဘာမှထူးမှာ မဟုတ်တော့ဘူး။ ဖန်ဆင်းရှင်ဝါဒက ဖန်ဆင်းရှင်၊ ဗုဒ္ဓ၀ါဒက `ကံ´။ ဒီလောက်ပဲ ထူးခြားနေပါလိမ့်မယ်။

ဖန်ဆင်းရှင်ဝါဒမှာ `ဖြစ်ပေါ်ခြင်း၊ တည်ရှိခြင်း၊ ချုပ်ပျောက်ခြင်း´အားလုံးဟာ ဖန်ဆင်းရှင်ပြဋ္ဌာန်းလိုက်တဲ့အတိုင်း ဖြစ်ပေါ်နေရတယ်။ အကောင်းအဆိုးသတ်မှတ်ချက်ဟာ ဖန်ဆင်းရှင်သာလျှင် အဓိက ခွဲခြားဝေဖန်နိုင်တယ်။ ဖန်ဆင်းရှင်က ကောင်းဆိုလျှင်ကောင်း၊ မကောင်းဆိုလျှင် မကောင်းပဲ။ လူသားအနေနဲ့ ထူးခြားပြီး စဉ်းစားစရာမလိုဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအတွက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘာမှ စောဒကတက်ခွင့်မရှိဘူး။ ဖန်ဆင်းရှင်ပြဋ္ဌာန်းထားတဲ့ ပုံစံကွက်ထဲမှာ အလိုက်သင့် စီးမျောလိုက်ရုံပဲ။ အချို့ဗုဒ္ဓဘာသာတွေဟာလဲ မိမိတို့ဘ၀ကို `မကောင်းလဲ ကံ၊ ကောင်းလဲ ကံ´လို့သဘောထားပြီး `ကံ´ကိုပဲ ၀ကွက်အပ်ထားကြတယ်။ `ကံ´ဆိုတဲ့ ပုံစံခွက်ထဲမှာ ရေစုန်မျှော စီးဆင်းလွင့်ပါနေကြတယ်။

လောကမှာ အခက်အခဲအကျပ်အတည်းတွေဟာ တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့နေကြရတယ်။ နိုင်ငံတစ်ခုအတိုင်းအတာ၊ ကုမ္ပဏီစတဲ့အဖွဲ့အစည်းအတိုင်းအတာ၊ မိသားစုအတိုင်းအတာ စသည်အလျောက် အကျပ်အတည်းတွေက မိမိတို့ အသက်ရှင်စဉ်ကာလမှာ တွေ့နေရမှာပဲ။ အဲဒီလို အခက်အခဲတွေ တွေ့ကြုံရတဲ့အခါ ဖောက်ထွက်ကျော်လွှား လွန်မြောက်သွားသူတွေရှိသလို `ကံပေါ့ကွာ´ဆိုပြီး ရေစုန်မျှောကာ `ကံ´ကို `၀´ကွက် လက်ပိုက်ကြည့်နေသူတွေလဲ အများကြီးရှိနေပါတယ်။ အဲဒီလို လူမျိုးတွေဟာ အရှုံးသံသရာထဲမှာ ရှုံးပြီးရင်းရှုံး၊ နစ်ပြီးရင်းနစ် ဒုက္ခပင်လယ်ဝေနေကြရတော့တာပဲ။

လူတွေ ပြောနေကြတာပဲ။ `ကိုယ်လုပ်မှ ကိုယ်စားတာ´တဲ့။ မှန်ပါတယ်။ ဒီသဘောတရားကို ချဲ့ထွင်သွားကြဖို့ပဲ ရှိပါတယ်။ ကိုယ်လုပ်မှ ကိုယ်စားရတာ၊ ကိုယ်လုပ်တာ ကိုယ်ခံရတာ၊ ကိုယ်တိုက်ပွဲဝင်မှ ကိုယ်အောင်ပွဲရတာ၊ ကိုယ်တောင်းဆိုမှ ကိုယ်ရတာ၊ ကိုယ်တိုက်ထုတ်မှ ကိုယ်နိုင်တာ၊ အရာရာမှာ ကိုယ်ဆိုတဲ့ မိမိအပေါ်မှာ မူတည်နေတာချည်းပဲ။ ကောင်းကျိုးခံစားရတာပဲဖြစ်ဖြစ်၊ ဆိုးကျိုးခံရတာဖြစ်ဖြစ် အဓိကလက်သည်တရားခံက ကိုယ်မှတစ်ပါး အခြားသူမရှိဘူး။ ကိုယ့်ဘ၀ကို ပုံဖော်နေတဲ့ ဖန်ဆင်းရှင်ဆိုတာလဲ မရှိဘူး။ အတ္တာဟိ အတ္တနော နာထောပဲ။ ကိုယ့်အားကို ကိုယ်ပဲ ကိုးစားရမှာ။ မမြင်ရတဲ့ ကံဆိုတဲ့ အခြားအရာလဲ မရှိဘူး။

`ကံ´ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုအပ်ပါတယ်။ `ကံ´ဆိုတာ `ကမ္မ´ဆိုတဲ့ ပါဠိစကားကို ပါဠိသက်မြန်မာစကားပြေအဖြစ် ပြောင်းလဲသုံးစွဲထားတာ ဖြစ်တယ်။ လိုရင်းဆိုရလျှင် `အလုပ်´၊ `အပြုအမူ´၊ `လုပ်ဆောင်ချက်´လို့ အဓိပ္ပာယ်ရပါတယ်။ အပြုခံသတ္တိ သို့မဟုတ် Passive Type သဘောရှိပါတယ်။ Active Type သဘောရှိသူတွေ သို့မဟုတ် သတ္တ၀ါတွေ ပြုသမျှ၊ ပြောသမျှ၊ ကြံစည်သမျှအရာတွေဟာ `ကံ´တွေပါပဲ။ ကံဆိုတာ မမြင်ရတဲ့ ခုန်ပျံကျော်လွှားပြီး လူတွေရဲ့ဘ၀ထဲ ရောက်လာတဲ့ သဘောတရားမဟုတ်ပါဘူး။ ခေတ်စကားနဲ့ပြောရရင် ဘလိုင်းကြီးလာရောက်ကြိုးကိုင် ခြယ်လှယ်နေတဲ့အရာ မဟုတ်ပါဘူး။ စိတ်ပါလို့ဖြစ်စေ၊ မပါဘဲဖြစ်စေ တစ်နည်းနည်းနဲ့ ကိုယ်ကိုယ်တိုင် ပြုမူ၊ ပြောဆို၊ ကြံစည်ခဲ့တဲ့ `ကံ´က မိမိတို့ရဲ့ ဖြစ်တည်မှုကို အကောင်းအဆိုးစီမံပေးနေတာပါ။

မွေးရပ်မြေက အသိမိတ်ဆွေထဲမှာ `ကံပေါ့လေ´လို့ အမြဲပြောတတ်တဲ့ အဒေါ်ကြီးတစ်ယောက်ရှိပါတယ်။ သူကဆိုရင် အမြဲတမ်း ဘာတွေပဲ ကြုံတွေ့တွေ့ ကံပဲ။ သူ့ဟာသူ ရေချိုးမှားလို့ ဖျားနေသူကို တွေ့ရင်လဲ `အော် သူခမျာ ကံမကောင်းရှာဘူး´။ ကြီးပွားနေသူတစ်ယောက် သူ့ဟာသူ အရက်သောက် မျာပွေပြီး လုပ်ပုံလုပ်နည်းမမှန်လို့ ဆင်းရဲသားဘ၀ရောက်သူကိုတွေ့လဲ ကံပဲ။ အရက်အလွန်အကျွံသောက်ပြီး ရမ်းကားလို့ ဆေးရုံတက်နေရသူကိုကြည့်ပြီးတော့လဲ ကံပဲ။ အဒေါ်ကြီးပြောတာ မဟုတ်ဘူးလား။ ဟုတ်ပါတယ်။ ဒါပေမယ့် ပြောပြောနေတဲ့ ကံက အဓိပ္ပာယ်အကောက်အယူလွဲနေတယ်။ `ကံမကောင်းဘူး´လို့ ပြောတာဟာ `လုပ်ပုံလုပ်နည်း မမှန်ဘူး´လို့ ပြောမှ ဗုဒ္ဓဘာသာရဲ့ ကံကို ထင်ဟပ်မိစေလိမ့်မယ်။ အများစု ရည်ညွှန်းတဲ့ကံဆိုတာ လက်ရှိပြုမူချက်တွေကို မရည်ညွှန်းဘဲ အတိတ်ကံကိုပဲ ရည်ညွှန်းတတ်ကြတယ်။ ဒါကြောင့် မှန်တော့ မှန်တယ်။ ဒါပေမယ့် မှားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တစ်ချို့က လက်ရှိကိုယ့်လုပ်ရပ်တွေ အသုံးမကျလို့ အမှားအယွင်းတွေဖြစ်၊ ဆိုးကျိုးတွေ ခံစားနေရတာကို မမြင်ရတဲ့ကံကို သွားပြီးလွှဲချနေတတ်ကြတယ်။ အမှားအယွင်းတစ်ခု၊ ဆုံးရှုံးမှုတစ်ခုနဲ့ ကြုံတွေ့လာရပြီိဆိုရင် အမှန်တကယ် စဉ်းစားသင့်တာက `ငါလုပ်တာ ဘာတွေ မှားနေလဲ၊ ဘာတွေ လိုအပ်နေခဲ့သလဲ´ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ အဲဒီလို ကိုယ့်လက်ရှိလုပ်ရပ်ရဲ့ အမှားအယွင်း၊ လိုအပ်ချက်တွေကိုမြင်မှ ကောင်းမွန်တဲ့ သစ်လွင်တဲ့ အကျိုးကြီးတဲ့ လုပ်ရပ်တွေအဖြစ် ပေါ်ထွက်လာမှာပါ။ `ငါကတော့ အကောင်းဆုံးလုပ်တာပဲ၊ ဒါပေမယ့် ကံမကောင်းလို့ ဘာမှဖြစ်မလာခဲ့ဘူး´လို့ ဆိုတာဟာ ရှေ့စကားနောက်စကား မညီပါဘူး။ ကိုယ့်အမြင်နဲ့ကိုယ်တော့ အကောင်းဆုံးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်တကယ်မှာ လိုအပ်ချက်တစ်ခုမဟုတ်တစ်ခုရှိနေလို့ မအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်။ ရည်မှန်းချက်အောင်မြင်ချင်ရင် အဲဒီလိုအပ်ချက်တွေကို တွေ့အောင်ရှာရပါလိမ့်မယ်။ လိုအပ်ချက်ကို မရှာဘဲ `ကံမကောင်းလို့´ဆိုပြီး ယူဆနေသမျှ လမ်းကြောင်းမှန်ကို ဘယ်တော့မှ တွေ့မှာ မဟုတ်ပါဘူး။

လောကမှာ ပြောပြောနေတတ်ကြပါတယ်။ `ဒီကောင်က ဘာလုပ်လုပ် သိပ်အားမထုတ်ရဘူး၊ အကုန်အောင်မြင်တာချည်းပဲ´လို့။ အဲဒီလို လူမျိုးကို သေချာလေ့လာကြည့်ရင် အောင်မြင်မှုအတွက် အားသာချက်တစ်ခုမဟုတ်တစ်ခု ရှိနေလို့ပါ။ အပြောကောင်းခြင်း၊ စိတ်ရှည်ခြင်း၊ စေတနာထားခြင်း စတဲ့ လက်ရှိကောင်းကွက်လေးတွေက သူ့ကိုအောင်မြင်အောင် စွမ်းဆောင်ပေးနေတတ်ပါတယ်။ `သူက အတိတ်က ဘာကံတွေများ လုပ်ခဲ့သလဲမသိ၊ အများမြင်ချစ်ခင်နေတာပဲ´လို့လဲ ဆိုတတ်ကြတယ်။ တကယ်တော့ အတိတ်ကံဆိုတာထက် လက်ရှိသူရဲ့ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံ ဆက်ဆံပုံတွေကိုက ချစ်ခင်စရာ ဖြစ်နေတတ်ပါတယ်။ အခုတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပုံက လူတစ်ယောက်ဟာ အောင်မြင်မှုတွေ ရယူနေရသူတွေကို တွေ့တိုင်း `ဒီလူက တော်တော် အတိတ်ကံကောင်းခဲ့တာနော်´။ အဲဒီလိုချည်းပဲ ပြောပြောနေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာလို့ အမည်ခံထားပေမယ့် မိစ္ဆာဒိဋ္ဌိဘ၀ရောက်နေရတဲ့သူတွေ အများကြီးပဲ။

အများသိ ပုံပြင်လေးနဲ့ ပြောချင်ပါတယ်။ ကုန်သည်နှစ်ဦး ကန္တာရခရီးကို ဖြတ်ကျော်သွားကြတဲ့ ပုံပြင်ပါ။ တစ်ဦးက နောက်လိုက် လှည်းငါးရာနဲ့ ကန္တာရခရီးကို အရင် သွားနှင့်တယ်။ ကန္တာရထဲရောက်တော့ ဘီလူးတွေက ရှေ့မှာမိုးတွေ ရွာနေတဲ့အကြောင်း၊ ရေတွေကို အပင်ပန်းခံ သယ်စရာမလိုကြောင်း…ပြောပါတယ်။ သူတို့ကိုယ်တွေမှာလဲ ရေတွေရွှဲနေတဲ့ဟန်၊ ကြာဖူးကြာစွယ်တွေ စားနေဟန် သရုပ်ဆောင်ပြီး ပြောတာဆိုတော့ အဆိုပါ ကုန်သည်ခေါင်းဆောင်က ဘီလူးတွေရဲ့ စကားကို နားယောင်မိသွားတယ်။ ယုံကြည်သွားခဲ့တယ်။ ဒါနဲ့ သူ့နောက်လိုက် ခရီးသည်လှည်းသမားတွေကို ရှိသမျှရေတွေ အကုန်သွန်ချထားခဲ့ဖို့ ပြောလိုက်တယ်။ ဒီလိုနဲ့ သွားရင်းသွားရင်း ကန္တာရက ခြောက်သွေ့၊ ရေကလဲ မတွေ့နဲ့ လှည်းသမားတွေအားလုံး ပင်ပန်းကုန်တော့တာပဲ။ ဒါကြောင့် ဘီလူးတွေက အလွယ်တကူပဲ လှည်းကုန်သည်တွေကို စားပစ်လိုက်ကြတယ်။ ဒုတိယအဖွဲ့လာတော့လဲ ဘီလူးတွေက ရှေးနည်းတူ ဖြားယောင်းကြတယ်။ ဒါပေမယ့် ဒီကုန်သည်က အမြော်အမြင်ကြီးတယ်။ ဉာဏ်ရှိတယ်။ နှိုင်းနှိုင်းချိန်ချိန် လုပ်ဆောင်တတ်တယ်။ ရှေ့မှာ မိုးရွာနေတယ်ဆိုရင် မိုးရိပ်တော့ တွေ့ရမှာပဲ။ မိုးနံ့တော့ ရမှာပဲ။ ဒီလူတွေကြည့်ရတာ အရိပ်လဲ မထွက်ဘူး။ မျက်တောင်လဲ မခတ်ဘူး။ လူမဖြစ်နိုင်ဘူး။ ဘီလူးတွေပဲ ဖြစ်ရမယ်လို့ ယုံကြည်လိုက်ပါတယ်။ ဒါနဲ့ သူ့နောက်လိုက် လှည်းသမားတွေကို ရေတွေ သွန်မပစ်ကြဖို့၊ ဘီလူးတွေရဲ့စကားကို နားမယောင်ကြဖို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကုန်သည်ဟာ ပထမလှည်းကုန်သည်ရဲ့ ကုန်ပစ္စည်းတွေရော၊ ဈေးနှုန်းအမြတ်အစွန်းတွေပါရပြီး အိမ်ပြန်ခရီးလှခဲ့ကြပါတယ်။

ဒီပုံပြင်မှာ ပြောချင်တာက ပထမကုန်သည်နဲ့အဖွဲ့ ဘီလူးတွေအစားခံရတာ၊ ကုန်တွေ ဆုံးရှုံးရတာ၊ ကျန်ခဲ့တဲ့ ဇနီးသားသမီးတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခရောက်ကြရတာဟာ `အော်… သူတို့ခမျာ ကံမကောင်းရှာကြဘူးနော်´လို့ ဆိုမလား။ ဒုတိယကုန်သည်နဲ့အဖွဲ့ကိုရော `အော်… သူတို့ဖြင့် ကံကောင်းလိုက်ကြတာ´လို့ ဆိုမလား။ လုပ်ရပ်ဟာ ကံလို့ သဘောပေါက်ထားသူတွေအတွက်ဆိုရင်တော့ ပထမအဖွဲ့ဟာ `ကံဆိုးတယ်´။ ဒုတိယအဖွဲ့က `ကံကောင်းတယ်´လို့ပြောနိုင်ပါတယ်။ အသက်ပါ ဆုံးရှုံးပြီး မကောင်းတဲ့အကျိုးဆက်တွေ ခံစားသွားရတဲ့ ပထမအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ မကောင်းခဲ့ပါဘူး။ ဆုံးဖြတ်ချက်တွေ၊ စဉ်းစားဆင်ခြင်ပုံတွေက မမှန်ခဲ့ပါဘူး။ ဒါကြောင့် သူတို့ဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြရတာပါ။ ဒီလိုမှ မဟုတ်ဘဲ သူတို့လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး `မမြင်ရတဲ့ ကံ´ကို လွှဲချနေပြီဆိုရင်တော့ အဲဒီအယူအဆဟာ မှားယွင်းသွားပါပြီ။ ပထမအဖွဲ့ဟာ ဉာဏ်ပညာနဲ့ နှိုင်းနှိုင်းချိန်ချိန် မလုပ်ဆောင်ဘဲ မှားယွင်းဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။ ဒုတိယအဖွဲ့တော့ မိမိရဲ့ စဉ်းစားဆင်ခြင်ဉာဏ်၊ ဆည်းပူးထားတဲ့ ဗဟုသုတတွေနဲ့ မှန်ကန်စွာ လုပ်ဆောင်ခဲ့ကြတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ အကျိုးရလာဒ်တွေ ခြားနားသွားခဲ့ရခြင်း ဖြစ်ပါတယ်။

ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းနှစ်ခုလုံးမှာ လျှို့ဝှက်ချက်လေးတွေ တစ်ခုမဟုတ်တစ်ခု ရှိနေတတ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ အဲဒီ လျှို့ဝှက်ချက်လေးက အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းရဲ့ အဓိကအကြောင်းတရား ဖြစ်နေတတ်ပြန်ပါတယ်။ အောင်မြင်မှုရဖို့ရန်အတွက် ဗုဒ္ဓဘာသာက ကံ၊ ဉာဏ်၊ ၀ီရိယ သုံးခုညီဖို့ ပြောပါတယ်။ အတိတ်ကာလက ပြီးပြက်ခဲ့တဲ့ မိမိတို့ရဲ့ ကောင်းကံ၊ ဆိုးကံတွေကို ဘာမှ ပြုပြင်လို့ မရတော့ပါဘူး။ ပြီးခဲ့တဲ့အရာတွေက ပြီးသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပစ္စုပ္ပန်လုပ်ဆောင်ချက်(ကံ)ကို ဉာဏ်၊ ၀ီရိယနဲ့ သဟဇာတဖြစ်အောင် မျှမျှတတ လုပ်ဆောင်နိုင်ခြင်းအားဖြင့် အတိတ်ဘ၀က ဆိုးကံတွေကို အကောင်းဘက်ရောက်အောင် လမ်းကြောင်းလွှဲပစ်နိုင်ပါတယ်။

အတိတ်ကံဆိုတာ ပယ်ဖို့မဟုတ်၊ လက်တွေ့ဘ၀လုပ်ငန်းစဉ်မှာ မေ့ထားလိုက်ဖို့ပါ။ ပစ္စုပ္ပန်လုပ်ငန်းတွေမှာ ပစ္စုပ္ပန်ကျကျ တွေးခေါ်မြော်မြင်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေကို ရဲရဲတင်းတင်း ထားရှိလိုက်ကြဖို့ပါ။ `ငါတို့ကိုယ်က ကံဆိုးတာပါကွာ´ဆိုတာတွေကို မေ့ဖျောက်ပြီး ကိလေသာတိုက်ပွဲ၊ ဘ၀တိုက်ပွဲ၊ အမှန်တရားတိုက်ပွဲနဲ့ တိုက်ပွဲပေါင်းများစွာကို ဇွဲမလျှော့တမ်း၊ နောက်မဆုတ်တမ်း ဆက်လှမ်းကြပါစို့….။

Monday, October 1, 2012

နိုင်ငံတကာရောက် ရခိုင်အမျိုးသားများ အသိပညာအတတ်ပညာ သင်ယူကြရန် ဦးအေးသာအောင်မှ တိုက်တွန်း


နိုငံတကာတွင် ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများအနေဖြင့် မိမိတို့ရောက်ရှိနေကြ သည့် နေရာဒေသ အသီးသီးတွင် အသိပညာ အတတ်ပညာများကို အလေးထားပြီး သင်ယူ ဆည်းပူးကြရန် နယူးယောက်မြို့တွင်ရောက်ရှိနေသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က တိုက်တွန်း ပြောကြားလိုက်သည်။

စက်တင်ဘာ (၃၀) ရက်နေ့တွင် ပြုလုပ်သည့် ” ရခိုင့်ခေါင်းဆောင် ဦးအေးသာအောင်နှင့် ရခိုင်မိသား စုတွေ့ဆုံပွဲ″ အခန်းအနားတွင် ယခုကဲ့သို့ ဦးအေးသာအောင်က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံပွဲသို့ နယူးယောက်မြို့ရှိ ရခိုင်လူများအပြင် အနီးအနားတ၀ိုက် မြို့များမှ ရခိုင်လူမျိုး စုစုပေါင်း (၁၀၀) ကျော်ခန့် တက်ရောက်ခဲ့သည်။
“ဘယ်တိုင်းပြည်တွေကိုပဲရောက်နေပါစေ ရခိုင်လူမျိုးတွေ၊ အထူးသဖြင့် လူလတ်ပိုင်းနှင့် လူငယ်တွေကို ပညာသင်ကြပါလို့တိုက်တွန်းချင်တယ်။ ပြီးတော့ ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေနဲ့ ရခိုင့်အသိုင်းအ၀န်းအတွက် တတ်နိုင်သလောက် အကျိုးပြု လုပ်ငန်းတွေကို ပြန်လုပ်ကြပါ” ဟုဦးအေးသာအောင်က ပြောသည်။
တွေ့ဆုံပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်သူ ဒေါက်တာ အသျှင် နာယက မှလည်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် ရခိုင်လူငယ်များအနေဖြင့် ပညာရေးကို အဓိကထားပညာယူကြရန်၊ တတ်ထားသည့် ပညာရပ်များကိုလည်း ကိုယ့်နေရာ ကိုယ့်လူမျိုးများ အတွက် တစွမ်းတစ ပြန်လည်အသုံးချကြရန် ပြောကြားသွားသည်။

နယူးယောက်ပြည်နယ် ယူတီကာမြို့မှ တက်ရောက်လာသူတစ်ဦးဖြစ်သူ စာရေးဆရာ၊ ကဗျာဆရာ ခိုင်လင်း (မေဃ၀တီ)ကလည်း  “  မိမိတို့ ရခိုင်လူ့အဖွဲ့အစည်းကို တိုးတက်ရေးဟာ တိုးတက်စေချင် တဲ့ ပြည်တွင်း ပြည်ပ ခေတ်ပညာတတ်သူတွေရဲ့  ဆန္ဒအပေါ်မှာ မူတယ်ကြောင်း၊ အထူးသဖြင့်ခေတ် ပညာတတ်တွေ အနေနဲ့  မလုံ မခြုံသေးတဲ့ ရခိုင်ပြည် ဖွံ့ဖြိုးဖို့အတွက် တတ်ထားတဲ့ အတတ် ပညာတွေ နဲ့ ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း” တိုက်တွန်း ပြောကြားသွားသည်။
တက်ရောက်လာကြသူများထဲမှ မေးခွန်းများကို ဦးအေးသာအောင်မှ စိတ်ရှည်လက်ရှည်ဖြေကြားပြီး အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် ပြီးဆုံးသွားကြောင်း သတင်းရရှိသည်။
(ကိုဘခိုင် ပေးပို့သည်။)

Tuesday, June 26, 2012

ပေးဆပ်ခဲ့တာတွေ အစားပြန်ရစေရမယ်ချစ်သူ မမုန်းဖူးသောအမုန်းတွေနဲ့ နင့်ကိုသိပ်မုန်းတယ်


ချစ်တတ်လာအောင်
 
ဘယ်သူသင်ပေးခဲ့တာလဲလို့
 
မေးမိတိုင်း........
 
ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်......၊

လွမ်းတတ်လာအောင်
 
ဘယ်သူလုပ်ခဲ့တာလဲ လို့
 
မေးမိရင်းးး နဲ့
 
မင်းကိုသိပ်လွမ်းလာတယ်......၊

မျှော်လင့်ချက်တွေပေးလို့
 
ခြေရာဖျောက်
 
မင်းကိုယ်ယောင်ဖျောက်သွားခဲ့တယ်......၊
 
 မင်းဘာတွေလုပ်လို့
 
ဘယ်လိုတွေဖြစ်နေမယ်ဆိုတာ
 
သိပိုင်ခွင့်မရှိခဲ့ တော့မှ
 
ငါ ပိုမို ပိုင်ဆိုင်ချင်လာတယ်......၊

သိပ်ချစ်မိသွားတော့မှ ငါ့မာနတွေ
 
ငါ့အတ္တတွေ မင်းခြေဖ၀ါးအောက် မှာ
 
ဝပ်စင်းလို့..........၊

ချစ်တယ်ဆိုတဲ့
 
စကားလေးကြားချင်လို့
 
အပြုံးလေးတစ်ချက်မြင်ချင်လို့
 
အိပ်ပျက်ရတဲ့ နေ့ညတွေကများလို့..........၊

ငါ မင်းကိုသိပ်ချစ်ခဲ့တာ
 
မင်း သိနေခဲ့သလို...
 
ငါ မင်းကို မျှော်လင့်ခဲ့တာလဲ
 
မင်းသိနေခဲ့လို့............၊

ယုံကြည်လွယ်ခဲ့မိတယ်.............
 
အချစ်တွေပုံအောပြီး ပေးခဲ့မိတယ်....
 
မဖြစ်နိုင်မှန်းသိနေခဲ့တာတောင်
 
မင်း စိတ်တစ်ခုထဲနဲ့ ငါဖြစ်လာအောင်
 
ကြိုးစားမိခဲ့တယ်............၊

ဒါပေမယ့်..........

မင်း နဲ့ ပတ်သတ်ပြီးသိလိုက်ရတဲ့
 
ရှုံးဆုံးမှူ့........
 
ငါ အံ့သြော်မိခဲ့တယ်ဆိုတာထက်
 
ထင်မှတ်မထားခဲ့မိတာ ......
 
ကိုယ့် မျက်စိ ကိုယ်တောင်
 
မယုံကြည်နိုင်ခဲ့တာ...ဆိုရင်
 
ပိုမှန်နေလိမ့်မယ်..........၊

မင်းနာမည် မခေါ်ရဲလောက်အောင်
 
ငါ ရှက်တယ်..........
 
မင်းနာမည် မတချင်လောက်အောင်
 
ငါ နာကျည်းတယ်.........
 
ငါရွံတယ်.......
 
တစ်ခါမှ မမုန်းဖူးတဲ့ အမုန်းတွေနဲ့
 
ငါ မင်းကို သိပ်မုန်းတယ်.....

Sunday, May 13, 2012

ဟန်ဆောင်တတ်သူရဲ့နိဂုံး


သစ္စာတွေ အခြေပြုလို့ 

ကျိန်ဆိုမှုတွေ အမျိုးမျိုးနဲ့ 

မေတ္တာကို လှည့်စားတတ်တဲ့သူ......

ကဗျာ တွေ စာတွေ ဖွဲ့ ကာ

သနားစိတ်တွေဝင်လာအောင်လို့ 

သွေးဆောင်တတ်တဲ့ သူ..........

မာယာအမျိုမျိုး.လှည့်ဖြားမှု အမျိုးမျိုးနဲ့ 

သစ္စ္စာရှိယောင်ဆောင်တတ်တဲ့ သူ......

မရှိကို အရှိလုပ်ပြီး

ဟန်ရေးပြတတ်တဲ့ သူ.....

နောက်ကွယ်မှာ

ဖေါက်ပြန်မှု အမျိုးမျိုးနဲ့ 

လူတွေ မသိအောင်နေပြတတ်တဲ့ သူ....

ဟန်ဆောင်ကောင်းတဲ့ 

သူ့ လိုလူကို..

စွန့် လွှတ်လိုက်မှ..

စိတ်အေးချမ်းသာ

နေနိုင်မှာမို့ .

ကျိန်ဆိုခဲ့ တဲ့  စကားတွေအတိုင်း

ဘ၀မှာ မခံစားရစေနဲ့ လို့ 

ဆန္ဒပြုရင်း.......

အချစ်နဲ့ငါနဲ့ မင်းရဲ့အခြားတဖက်

အချစ်နဲ့ငါနဲ့..... မင်းရဲ့တစ်ခြားတစ်ဖက်

 ++++  ည... ည တွေတိုင်းမှာ
            ငါအိပ်မပျော်တော့ဘူး...( ပျော်အောင်အိပ်လို့မရတာ)
            ငါ့ရဲ့ညတွေကိုခိုးယူသွားတာနင်လေ......။


++++  အချစ်ဆိုတာဒင်္ဂါးပြားလေးလှည့်ရသလိုပဲတဲ့

           ငါဖတ်ဖူးခဲ့တဲ့စာလေးတစ်ကြောင်းလေ...
           ဒီလိုပဲချာချာလည်နေအောင်...နင့်ကိုချစ်လိုက်ရတာ
          တွေးရင်းတွေးရင်းနာကျင်အောင်ငါ့အသဲထဲစိမ့်ဝင်နေတယ်....။


++++ တစ်ခါတစ်လေနင့်အသံက

          အားငယ်တတ်တဲ့ငါ့အတွက်အားအင်တစ်ခုဖြစ်စေတာ
          ခဏဖြစ်ဖြစ်နင်တွေးပေးပါလား...... ချစ်သူ..
       
          ဒါကိုနင်သိရက်နဲ့ .....
         မလိုလားအပ်တဲ့အဆိပ်တွေကိုခဏ..ခဏထုတ်မသုံးပါနဲ့လား ...။


++++ အရာရာအထီးကျန်နေတဲ့ငါ

          ချစ်ခြင်းမေတ္တာပါအထီးကျန်သွားရင်...
          ဒီလိုပဲ.... နင့်ကိုသာစွန့်လွတ်လိုက်ရရင်.......။


++++ ချစ်သူ...မင်းနဲ့ပတ်သက်ပြီး

          ပျော်စရာတွေတွေးထားပါတယ်...
          ဒီလိုပဲ .............
         မပျော်စရာတွေဖြစ်လာနိုင်တာကိုလည်းကြိုတွေးထားလိုက်ပါတယ်..။

Tuesday, May 8, 2012

ရင်ကွဲအက်သံ


ရုန်းထွက်ဖို့ ဒီလောက်ခက်မယ်မှန်းသိခဲ့ရင်
 

အစကတည်းက
 

မချည်နှောင်ခဲ့ပါဘူး….
 

သံယောဇာဉ်ဆိုတဲ့ ဒီကြိုးနဲ့။

လေမဝင့်ခင်က

 

ကြွေနှင့်ချင်တဲ့ ပန်းလို
 

ငါ့နှလုံးသားကိုက
 

နင်နဲ့ပတ်သတ်လာရင်
 

ထိလွယ် ရှလွယ်တယ်။

တခါတလေတော့လည်း

 

ဘယ်ထင်မိပါ့မလဲ
 

ရူးနေတဲ့ ဒီကောင့်အတွက်မှ
 

နေကိုက မြင့် မြင့်နိုင်လွန်း….
 

ဒီလိုနဲ့ တတိတိပွန်းပွန်းလာတဲ့
 

ငါ့ရင်ဘတ်ကြီးတောင်
 

ခုဆို… ရုပ်လုံးမပေါ်တော့ဘူး။

ရပါတယ်

 

ငါကိုယ်တိုင်ပျိုးမိမှတော့
 

မင်းရွာမဲ့ မိုးကိုလည်း
 

မျှော်မနေတော့ပါဘူး
 

အလွမ်းတွေကိုလောင်းလို့
 

 ဒဏ်ရာတွေနဲ့ပဲ ပေါင်းသင်
 

ငါအချစ်တွေကိုတော့ ရှင်သန်ချင်တယ်။

               မနက်ဖြန်ဆိုတာ
 
          ငါ့အတွက် ဖြစ်နေသေးသ၍ပေါ့။

ရင်ထဲအနက်ရှိုင်းဆုံးနေရာ ဝင်ရောက်ပြီးမှ


 ရင်ထဲမှာအနက်ရှိုင်းဆုံး နင်ဝင်ရောက်ပြီးမှ

ကျောခိုင်းတော့မလို့လား   ..................

အမြတ်နိုးဆုံးငါတန်ဖိုးထားခဲ့ပြီးမှ

နင်နင်းခြေတော့မလို့လား      ..................

လက်တွဲလာတဲ့အချိန်တွေ

ပျော်ရွှင်ခဲ့တဲ့နေ့ရက်တွေ

အတိတ်မှာပဲထားခဲ့တော့လို့ နင်မပြောပါနဲ့

ပြတ်သားစွာနဲ့ပဲ နင်...............

ငါတားလဲဘာထူးမှာလဲ....

ရင်ထဲမှာ ကမ္ဘာပျက်သလို

ဘလောင်ဆူနေခဲ့တာ.............ခံရခက်နေတာ

အသဲခွဲခံရလေခြင်းဆိုတဲ့အသိကို ..........

ငါလက်မခံနိုင်ပေမဲ့ ငါဒါဟာ

အိမ်မက်မဟုတ်ဘူးဆိုတာတော့.....

လက်မခံလို့ မရတော့ဘူး

ကျောခိုင်းလို့ မနုတ်ဆက်ပါနဲ့

ငါ့မျက်ရည်စက်တွေ နောက်ဆုံးအနေနဲ့

ကြည့်သွားပါဦး............................

နင် နမ်းဖူးတဲ့ငါ့ပါးပေါ်ကို

နင်ရက်စက်လို့ကျတဲ့မျက်ရည်တွေစီဆင်းနေခဲ့ပြီ....................

အချစ်ကြီးသူလို့ ပြောချင်ပြောပါ

ငါ့ဘ၀မှာ နင့်ထက်ချစ်ရမဲ့သူ  မရှိတော့လို့

ငါ့နှလုံးသားကို.........

ရာသက်ပန် နင့်အတွက် ....

ငါပေးဆပ်ခဲ့ပါရစေ.........................ငါ့လို

ဝတ်မလည်ပါစေနဲ့လို့.....................................................

ငါဆုတောင်းရင်း....................

ပေးခဲ့တဲ့အမုန်းများအတွက်............

ကဗျာလေးကိုဖတ်ပြီး..............

တစ်နေ့နေ့ နင်နားလည်လာမှာပါ   May ........................။

Sunday, May 6, 2012

နင်ပျော်နိုင်မှာပါ


 ရိုးတန်ကျဲကျဲ နေပူထဲမှာ

တစ်ကောင်တည်း အဖေါ်ကွဲတဲ့

ဥသြလေးရဲ့ ကြေကွဲဆွေးမြေ့ဖွယ်အသံက

ငါ့ရင်ကိုဖောက်ခွဲပြီး

အသဲကိုတစ်စစီချွေလိုက်ရသလိုပါပဲလား

ရွက်ဝါတွေကကြွေ လေဗွေကမြူးတော

ငါတစ်ယောက်ရူးမတတ်အောင်

မင်းဘယ်စီများရောက်နေပြီးလဲကွယ်

မျှော်ရပေါင်းအသင်္ချေ ရက်တွေညောင်းလို့

အချိန်တွေလဲနှောင်းခဲ့ရပေါ့

နေရာအသစ်မှာ အချစ်သစ်နဲ့

ငါ့ကိုမေ့များပစ်လိုက်နေပြီးလား

ကျတဲ့မျက်ရည် ကြွေရတဲ့အသဲ

မင်းလေးတစ်ယောက်တည်းအတွက်ပါ

မရှောင်သာတဲ့ ကံကျမ္မာကြောင့်

ကိုတို့နစ်ယောက် ဆုံဆည်းခွင့်မရကြပေမဲ့

ငါ့အတွက်အချိန်တိုင်းဟာ 

လွင်တီးခေါင်မှာ တစ်ယောက်တည်းနေရသလို

အရာရာတိုင်း အကျည်းတန်လွန်းလှပါတယ်

မင်းမရှိတဲ့လောကကြီးဟာ

ငါ့အတွက်အဓိပ္ပါယ်မဲ့ပါပဲလား

မဖြေသာတဲ့ဝေဒနာ 

အသည်းကဒဏ်ရာကို မင်းပေးခဲ့တာလေ

တစ်ညတာလေး ဝေးရတာကို

ရက်ပေါင်းခုနစ်ရာဆွေးရတယ်ဆိုတာ

အရင်တုန်းက ပုံပြင်ထဲမှာပဲကြားဖူးခဲ့တာ

ခုတော မင်းပေးခဲ့တဲ့ပန်းခလေးတွေ

မလန်းတောပဲ နွမ်းတဲ့ဘဝ

ရနှံ့ပျောက်လို့ ခြောက်ခဲ့ရပြီးပေါ

ချစ်သူနဲ့ကွေကွင်းရတဲ့ဒုက္ခ

အငိုလွယ်ပေမဲ့ အရှိုက်ခက်တဲ့ဘဝ

ဒီဒုက္ခမျိုး မကြုံရပါစေနဲ့လို့.....

ဆန္ဒပြုရင်း..........

အချစ်ဆိုတာ ရယူခြင်းလား..

ပေးဆပ်ခြင်းလား.........

ပိုင်ဆိုင်ခြင်းလား.........

စွန့်လွတ်ခြင်းလား........

ကြေကွဲခြင်းလား........

ဝမ်းနည်းခြင်းလား.......

မျှော်လင့်ခြင်းလား.......

တောင်းတခြင်းလား......

ဆိုတာ


Friday, May 4, 2012

သံယောဇဉ်လား အချစ်လား


သံယောဇဉ်ဆိုတာ ဘာလဲ?

ငါစွန့် ခွာဖို့ အခါခါကြိုးစားတယ်..

ငါစွန့် ခွာမသွားဖို့ နင်အတန်တန်ဆွဲထားတယ်..

ဒါဟာ သံယောဇဉ်လား..? အချစ်လား ?

အချစ်ဆိုတာဘာလဲ..?

ရင်ဘတ်ထဲကလာတာလား..?

နှုတ်ဖျားသက်သက်ဘဲလား ?

ချစ်စကားတစ်ခွန်းရဲ့ နောက်ကွယ်မှာ

ခံစားမှုတွေပါလာလား..

ဟန်ဆောင်ခြင်းသက်သက်ပဲလားဆိုတာ.

ဝေခွဲမရတဲ့ အဖြစ်..

တစ်ဦးစိတ်ကို တစ်ဦးနားလည်နေတဲ့ 

ဒို့ နှစ်ယောက်ရဲ့ အဖြစ်က

သံယောဇဉ်လား ? အချစ်လား ?

Related Posts Plugin for WordPress, Blogger...
အှ်ဆင်.လာဆ်ာတာဏင့် ယ်ုသာယူဏ်ုဖာဍောဟ် ယှူးမုဂ်ဍုဂ်ပါင်လာ.ဆာ်

Template by:

Free Blog Templates